Sayar Daw U Kaw Tha La ပရိတ်ကြီး

( ၁၁ ) သုတ် နာကြားရန်

ရသေ့ကြီး ဦးခန္တီ၏ လာဘ်ရွှင် လာဘ်ပွား ဂါထာတော်

July 7, 2012

ရသေ့ကြီး ဦးခန္တီ၏ လာဘ်ရွှင် လာဘ်ပွား ဂါထာတော်

ရသေ့ကြီး ဦးခန္တီဟု ဆိုလိုက်လျှင် ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စင်များအနေဖြင့် မြန်မာနိုင်ငံတ၀ှမ်းလုံးရှိ အနယ်နယ်အရပ်ရပ်၌ ဘုရား ပုထိုး စေတီများ တည်ခဲ့သော သာသနိက အဆောက်အအုံပေါင်းများစွာ ဆောက်လုပ်လှူဒါန်းလျက် သာသနာပြုပုဂ္ဂိုလ်မြတ်ကြီး တပါးဟူ၍ သိရှိနေကြပါသည်။ ရသေ့ကြီး ဦးခန္တီအဖို့ မည်သည့်အရပ်၊ မည်သည့်ဒေသမဆို သေဒစာရီ ကြွချီလေတိုင်း အလှူခံပုဂ္ဂိုလ်တို့ ၀င်လာမစဲ တသဲသဲ ဖြစ်နေကြပါသည်။ သည့်အတွက် လေ့လာစူးစမ်းလိုက်သောအခါ ဓနသိဒ္ဓိအရာ၌ လွန်စွာမှထက်မြက်လှသည့် ဂါထာတပုဒ်အား စွဲမြဲစွာရွတ်ဖတ် သရဇ္ဈာယ်လေ့ရှိသောကြောင့်ဟု မှတ်သားမိခဲ့ပါသည်။ အဆိုပါဂါထာကား သဗ္ဗမင်္ဂလာ ဂါထာ-သို့တည်းမဟုတ်-သဗ္ဗဇယမင်္ဂလာ ဂါထာတော် ဖြစ်ပါသည်။

သဗ္ဗမင်္ဂလာဂါထာ (၀ါ) သဗ္ဗဇယမင်္ဂလာ ဂါထာတော်သည် ကြီးမြတ်သောဘွဲ့၊ ထူးခြားသော ဂုဏ်ထူးဝိသေသတို့ လွှမ်းခြုံလျက်ရှိသော ဂါထာတော်ဖြစ်ပါသည်။ ထိုဂါထာတော်မှာ မူကွဲမရှိပါ။ တခုတည်းသာ ဖြစ်ပါသည်။

သဗ္ဗ-အလုံးစုံသော၊
ဇယ-အောင်မြင်မှု၊
မင်္ဂလာ-ကြီးပွားတိုးတက်မှု။
သို့ဖြစ်၍ သဗ္ဗဇယမင်္ဂလာ ဂါထာသည် အဘက်ဘက်မှ အောင်မြင်ကြီးပွား တိုးတက်စေသော ဂါထာတော် ဖြစ်ပါသည်။ 

တခါက မန်လည်ဆရာတော်ကြီးက အမေးရှိခဲ့သည်။
နိကာယ် ငါးရပ်ထဲမှာ ပါဝင်သော သတင်းမွှေးကြိုင်သည့် သဗ္ဗမင်္ဂလာမှာ မည်သည့်မင်္ဂလာ ဖြစ်ပါသနည်း။
ထိုအမေးနှင့် စပ်လျဉ်း၍ မင်းကွန်းဆရာတော်က အောက်ပါအတိုင်း အဖြေရှိခဲ့ပါသည်။
နာမည်ကြီးသော သဗ္ဗမင်္ဂလာ ဂါထာဆိုသည်မှာ နိဒါနသံယုတ် ပါဠိတော်၌ ပါရှိသည့် ဒိဝါ တပတိ အာဒိစ္စော-အစချီသော ဂါထာတော် ဖြစ်ပါသည်။ 

ဗုဒ္ဓ၏ပိဋကတ်တော်၌ ပါဠိဂါထာတော်ပေါင်း ထောင်ချီ၍ ရှိပါသည်။ ထိုမျှများပြားလှစွာသော ဂါထာတော်များအနက် တဂါထာတည်းသာ ရှားရှားပါးပါးရှိသည့် ဂါထာတော်မှာ သဗ္ဗမင်္ဂလာ ဂါထာတော်ပင် ဖြစ်ပါသည်။ ထိုဂါထာတော်သည် ရသေ့ကြီး ဦးခန္တီ၏ လက်စွဲဂါထာတော် ဖြစ်ကြောင်းလည်း သိရှိရပါသည်။ အဆိုပါဂါထာတော်နှင့် စပ်လျဉ်း၍ သမိုင်းကြောင်း ရှိပါသည်။

သီဟိုဠ်ပြည့်ရှင်  (ယခု သီရိလင်္ကာ) ဘာတိကမင်းကြီးသည် တနေ့သ၌ ပညာရှိတဦးအား နန်းတော်သို့ ပင့်ဖိတ်ခဲ့၏။ ထို့နောက် ပညာရှိအား ရတနာသုံးပါးနဲ့ အကျုံးဝင် ဆက်စပ်သော အောင်ခြင်းမင်္ဂလာ ဂါထာတော်တပုဒ်အား ရွတ်ဆိုချီးမြှင့်ပါရန် တောင်းပန်ခဲ့သည်။ ဤတွင် ပညရှိကြီးက " ဒိဝါ တပတိ အာဒိစ္စော-...အစချီ သဗ္ဗမင်္ဂလာဂါထာတော်ကို ချီးမြှင့်ခဲ့၏။ မင်းကြီးလည်း ပိဋကတ်သုံးပုံ နှံ့စပ်သော ပညာရှိကြီးအား ဆုတော်ငွေများစွာ ချီးမြှင့်ခဲ့လေသည်။ သည့်အတွက် အဆိုပါ ဂါထာတော်နှင့်စပ်လျဉ်း၍ နှောင်းလူတို့က လာဘ်ရွှင်ငွေဝင် ဂါထာတော်၊ ရွှေလာငွေလာ ဂါထာတော်-ဟု သတ်မှတ်ယူဆခဲ့ပြီး ယုံကြည်စွာ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့ကြသည်။ ထိုသို့ ယုံကြည်စွာ ရွတ်ဖတ်သရဇ္ဈာယ်ကြသူတိုင်း ထူးကဲသော အကျိုးအာနိသင်ကို ရရှိခံစားခဲ့ကြရလေသည်။ အဆိုပါ ဂါထာတော်မှာ---

ဒိဝါ တပတိ အာဒိစ္စော၊
ရတ္တိမာ ဘာတိ စန္ဒိမာ။
သန္နဒ္ဓေါ ခတ္တိယော တပတိ၊
ဈာယီ တပတိ ဗြဟ္မဏော။
အထ သဗ္ဗ မဟောရတ္တိံ၊
ဗုဒ္ဓေါ တပတိ တေဇသာ။ ဟူ၍ ဖြစ်ပါသည်။

အနက်အဓိပ္ပါယ်မှာ---
နေမင်းကြီးသည် နေ့အခါ၌သာ ထွန်းလင်းနိုင်၏။
လမင်းကြီးသည် ညအခါ၌သာ ထွန်းလင်းနိုင်၏။
ပြည်ရှင်မင်းတို့သည် မင်းမြောက်တန်ဆာများ ဆင်ယင်မှသာ ဘုန်းအရှိန်အ၀ါ ထွန်းလင်းနိုင်၏။
ရဟန္တာအရှင်မြတ်တို့သည် ဈာန်သမာပတ် ၀င်စားနေသည့်အခါမှသာ သပ္ပါယ်တော်မူနိုင်၏။
ဗုဒ္ဓမြတ်စွာဘုရားရှင်ကမူ နေရာတိုင်း အခါတိုင်း အချိန်တိုင်း၌ ထာဝစဉ် သပ္ပါယ်စွာ ထွန်းလင်းတော် မူပါပေသတည်း။

အကြည်တော်မင်း ဦးသံမှိုက အဆိုပါဂါထာတော်၏ အဆုံး၌ 
တာဒိသံ တေဇ သမ္ပန္နံ၊
ဗုဒ္ဓံ ၀န္ဒာမိ အာဒရံ။ ----- ဟူ၍ နှစ်ပါဒ ဖြည့်စွက်ခဲ့၏။

မြန်မာနိုင်ငံ၏ ဗုဒ္ဓဘာသာ သာသနာသမိုင်းဝင် သာသနာပြု ပုဂ္ဂိုလ်ကြီးတပါးဖြစ်သော ရသေ့ကြီး ဦ;ခန္တီကလည်း   ဒိဝါ တပတိ ...အစချီသော ဂါထာတော်၏ အဆုံး၌---
နမက္ကာရာ နုဘာဝေန၊
သဗ္ဗေ ပူရေန္တု သင်္ကပ္ပါ။ ----- ဟူ၍ နောက်ထပ်နှစ်ပါဒ ဖြည့်စွက် ရွတ်ဆိုခဲ့သည်။

အဆိုပါ ရသေ့ကြီး ဦးခန္တီ၏ လက်စွဲဂါထာတော်အား"လိုတရ ဂါထာ? စီးပွားလာဘ်လာဘ ရွှင်လန်းစေသော ဂါထာတော်" အဖြစ် သတ်မှတ်ကာ ယုံကြည်သဒ္ဓါစိတ်ဖြင့် ရွတ်ဖတ်သရဇ္ဈာယ်ကြကုန်၏။

ထိုသို့ သာသနိက အဆောက်အအုံများ၊ ဘုရားကျောင်းကန် စေတီပုထိုးများစွာ၊ ငွေကြေးမြောက်မြားစွာ လှူဒါန်းနိုင်ခဲ့သည့် ရသေ့ကြီး ဦးခန္တီ၏ ဂါထာတော် (၀ါ) ၄င်း စွဲမြဲစွာ ရွတ်ဖတ်သရဇ္ဈာယ်ခဲ့သော ဂါထာတော်အား ရွတ်ဖတ်သရဇ္ဈာယ်ခြင်းဖြင့် ကြီးပွားချမ်းသာနိုင်စေကြောင်း တင်ပြရေးသား လိုက်ရပါသည်။

ဓနုဖြူ ဆရာတော်
(ရောင်ပြန် မဂ္ဂဇင်း ၂၀၁၀-နိုဝင်ဘာလ)
 

မေတ္တာ

July 7, 2012

မေတ္တာ

မေတ္တာဆိုတာ သတ္တ၀ါများအပေါ်မှာ အကျိုးလိုလားပြီး ပို့တဲ့ မေတ္တာက တမျိုး၊
အကျိုးမဲ့ ပယ်ရှားပြီး ပို့တဲ့ မေတ္တာက တမျိုး-လို့ ၂-မျိုးရှိပါတယ်။

(အကျိုးလိုလား မေတ္တာ)
၁။ ဘုံသုံးဆဲ့တစ်၊ ဖြစ်ဖြစ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၂။ ဘုံသုံးဆဲ့တစ်၊ ဖြစ်ဖြစ်များစွာ၊ သတ္တ၀ါ၊ ဘယာဘေးမှ ဝေးပါစေ။

၃။ လန့်တတ် မလန့်တတ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၎။ မြင်ဖူး မမြင်ဖူး၊ နှစ်ဦးများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၅။ မြင်အပ် မမြင်အပ်၊ နှစ်ရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၆။ ဝေးနေ နီးနေ၊ နှစ်ထွေများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၇။ ဘ၀ဇာတ်သိမ်း၊ မသိမ်းများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၈။ သန္ဓေ ပ၀တ္တိ၊ နှစ်ရှိများစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။

၉။ ရှည်-တို-အလတ်၊ သုံးရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၁၀။ ကြီး-ငယ်-လယ်လတ်၊ သုံးရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။
၁၁။ ၀ိုင်း-သေး-လယ်လတ်၊ သုံးရပ်များစွာ၊ သတ္တ၀ါ၊ ချမ်းသာကိုယ်စိတ် ပြည့်ပါစေ။

( အကျိုးမဲ့ပယ်ရှား မေတ္တာ) 
၁။ တယောက်သူကား၊ တယောက်အား၊ လှည့်စားအပြု ကင်းပါစေ။
၂။ တရပ်ရပ်တွင်၊ တယောက်မြင်၊ မာန်ဝင်ထေမဲ့ ကင်းပါစေ။
၃။ ကိုယ်နှုတ်စိတ်ထင့်၊ ဒေါသဖြင့်၊ ပြုကျင့်ဆင်းရဲ ကင်းပါစေ။



ဓမ္မဒူတ အရှင်ပညာဇောတ
 

ဆရာကို ရန်ငြိုးထားသော မင်းသား

July 7, 2012

ဆရာကို ရန်ငြိုးထားသော မင်းသား

တက္ကသိုလ်ပြည် ဒိသာပါမောက္ခ ဆရာကြီးထံ၌ ပညာသင်ကြားရန် လာရောက်နေကြသော တပည့်များတွင် ဗာရာဏသီပြည် ဗြဟ္မဒတ်မင်းကြီး၏ သားတော် မင်းသားတစ်ပါးလည်း ပါရှိသည်။ တစ်နေ့သောညအခါ မင်းသားသည် ဆရာကြီးနှင့်အတူ မြစ်ဆိပ်သို့ ရေချိုးရန် လိုက်ပါသွားရာ လမ်းခရီး အိမ်တစ်အိမ်ရှေ့တွင် အဖြူချွတ်၍ သန့်စင်စွာ နေလှန်းထားသော နှမ်းဖျာကို တွေ့သဖြင့် နှမ်းတစ်ဆုပ်ကို နှိုက်ယူထား၍ စားလိုက်သည်။ 

ထိုအခြင်းအရာကို  အနီးတွင် ထိုင်စောင့်နေသော အဘွားအိုက မြင်လိုက်၏။ သို့သော် လူငယ်ပီပီ အမှုမဲ့ အမှတ်မထင် နှိုက်စားခြင်းသာဖြစ်သည်ဟု သဘောထားကာ ဘာမျှမပြောဘဲ နေလိုက်၏။ မကြာမီရက်တွင် အိမ်ရှေ့မှ ဖြတ်သွားပြန်ရာ နှမ်းတစ်ဆုပ် ယူစားပြန်၏။ အဘွားအိုက ဘာမျှ မပြောမဆိုဘဲ နေလိုက်၏။ တတိယနေ့တွင် ထပ်မံ နှိုက်ယူစားပြန်သောအခါ သည်းမခံနိုင်တော့ဘဲ ရှေ့ဆုံးမှသွားနေသော ဒိသာပါမောက္ခ ဆရာကြီးကို လှမ်းခေါ်၍ အော်ဟစ်တိုင်ကြားလိုက်သည်။ “ဆရာကြီးသည် တပည့်များကို ထိန်းကျောင်းခြင်း မရှိ၊ လျစ်လျူရှုထားပြီး မကောင်းမှုကို မဆုံးမ,ဘဲ နေသည်”ဟု အပြစ်ပြောဆိုလေသည်။
ဆရာကြီးသည် အဘွားအိုအား ကျေအေးရန် တောင်းပန်လိုက်ပြီး တန်ဖိုးကို လျော်ပေးမည်ပြုရာ အဘွားအိုက “လျော်ကြေးကို မယူလိုပါ၊ နောင်ကို ဤသို့ မပြုလုပ်အောင် ဆုံးမပေးပါ”ဟု ပြောဆို၏။ ဆရာကြီးသည် အဘွားအို၏ ရှေ့တွင်ပင် မင်းသားအား ခေါ်ယူဆုံးမပြီး ဝါးခြမ်းစိတ်ဖြင့် သုံးချက် ရိုက်လိုက်သည်။ မင်းသားသည် ရှက်သွေးမွှန်သွားကာ စိတ်ထဲတွင် နာကြည်းစွာ မှတ်စွဲထားလိုက်၏။

ပညာတတ်မြောက်၍ မိမိတိုင်းပြည်သို့ ပြန်ခါနီးတွင် “ဆရာကြီး၊ ကျွန်ုပ် မင်းအဖြစ် ရောက်သောအခါ တပည့်ကို ချီးမြှောက်သောအနေဖြင့် ကြွရောက်ခဲ့ပါ”ဟု နှုတ်ဆက် ဖိတ်ကြားသွားလေသည်။ ဖခင် ဘုရင်ကြီးလွန်၍ မင်းအဖြစ် ရသောအချိန်တွင် “ဆရာကြီး ကြွရောက်တော်မူပါ”ဟု မှာကြားလိုက်၏။ ဆရာကြီးသည် “မင်းသားကား ငယ်ရွယ်နုနယ်သေးသည်၊ အသိဉာဏ်ရင့်ကျက်၍ အတွေ့အကြုံ အတန်ပြည့်စုံလှမှ သွားမည်”ဟု သဘောထားကာ ချက်ချင်းမသွားသေးပေ။ နှစ်အနည်းငယ် စောင့်ပြီးမှ မင်းသားထံ သွားရောက်လည်ပတ်၏။ မင်းရင်ပြင် မှူးမတ်များ စုံညီချိန်၌ ဆရာကြီးရောက်လာသောအခါ မင်းသားသည် သူအချိန်ကြာမြင့်စွာ မျိုသိပ်ထားခဲ့သော ရန်ငြိုးကို အများကြားအောင် ဖော်ထုတ်လိုက်၏။

“မှူးမတ်တို့၊ ငါသည် ကျောင်းသားဘဝ စာသင်ကြားနေစဉ်က ဤဆရာကြီးသည် ငါးအား ဘာမဟုတ်သော နှမ်းစားမှုနှင့် ပတ်သက်၍ လူအများရှေ့တွင် ရိုက်နှက်ဒဏ်ပေးကာ အရှက်ရစေခဲ့သည်။ ထိုအမှုကို ယနေ့ထိ ငါအခဲမကျေနိုင်။ ယခု ဆရာကြီးရောက်လာ၍ ငါက တန်ပြန် ဒဏ်ပေးရန် ခွင့်ရခဲ့ပြီ။ ငါ လက်စားချေရ တော့မည်။ ဆရာကြီး ဘာဆင်ခြေပေးနိုင်ပါမည်လဲ။ “မှူးမတ်များသည် မျက်စိမျက်နှာပျက်၍ တိတ်ဆိတ်ငြိမ်သက်နေကြသည်။ ဆရာကြီးကို အားတုံ့အားနာဖြစ်ကာ ဆရာကြီးအဖြေကို နားစွင့်နေကြသည်။ ဆရာကြီးသည် တည်ငြိမ်သောဣနြေ္ဒ၊ ခံ့ညားပြတ်သားသော အသံဖြင့် ဖြေကြားလိုက်၏။

“အရှင်မင်းကြီး၊ ဆရာနှင့် တပည့်တွင် ပြုလုပ်ဆောင်ရွက်အပ်သော တာဝန်များ ရှိပါသည်။ ဆရာသည် ပညာသင်ကြားပေးရုံသာမက မသင့်တော်သော အမူအကျင့်၊ အနေအထိုင်၊ အပြောအဆို၊ အကျင့်စာရိတ္တ တို့ကို အားလုံးမှန်ကန်အောင် ပြုပြင်ဆုံးမရန် တာဝန်ရှိပါသည်။ မှားယွင်းသော အကျင့်တစ်ခုကို သေးငယ်သည်ဟူ၍ လျစ်လျူမရှုရပါ။ မှန်ကန်သော အကျင့်ဖြစ်အောင် လမ်းညွှန်သင်ကြားရပါသည်။ ငယ်ရွယ်သောအမှား ပြုလုပ်ဖန်များလျှင် တဖြည်းဖြည်း အကျင့်ပါကာ အမှားငယ်မှ အမှားကြီး ဖြစ်လာနိုင်ပါသည်။ ထိုအခါ ပြုပြင်ရန် ခက်ခဲပါမည်။ 

ငယ်ရွယ်စဉ်က အဆုံးအမကိုရခဲ့၍ ပြုပြင်ခဲ့သဖြင့် ယခုကဲ့သို့ မင်းအဖြစ်ရချိန်တွင် စိတ်နေစိတ်ထား ရင့်ကျက်လာကာ အမှုကိစ္စများ ဆောင်ရွက်ရာ၌ အမှားအမှန်ကို စဉ်းစားဉာဏ်အလိုလို ပါလာပါမည်။ ကောင်းမွန်မှန်ကန်သော အပြုအမူ အဆုံးအဖြတ်များ ပေးနိုင်သဖြင့် တိုင်းသူပြည်သားများ ကြည်ညိုလေးစားလာပါသည်။ အကယ်၍ သေးငယ်သောအမှားများ များပြားလာပါက ဖြေရှင်းရန်ခက်သော ပြဿနာများဖြစ်ကာ အရှင်မင်းကြီးအား တနည်းနည်းနှင့် ဒုက္ခပေးနိုင်ပါသည်။ ယခု တိုင်းပြည်ကို အေးချမ်းသာယာအောင် တိုင်းသူပြည်သားများ ငြိမ်ဝပ်ပိပြားအောင် အုပ်ချုပ်နိုင်ခြင်းမှာ မှန်ကန်သော ဆောင်ရွက်မှုများကြောင့် ဖြစ်ပါသည်” စသည်ဖြင့် ဆရာကြီးက ရှင်းလင်းလျှောက်ထားရာ မင်းသား နားလည် သဘောပေါက်ကာ စိတ်တွင် အခဲမကျေသော အငြိုး အေးငြိမ်းပြေပျောက်သွားလေသည်။ ထို့နောက် ဆရာကြီးကို ကန်တော့တောင်းပန်ကာ နန်းတော်တွင် အကြံပေး ပုရောဟိတ်အရာ ခန့်ထားပြီး သူကောင်းပြုထားလိုက်လေသည်။
တိကနိပါတ် တိလမုဋ္ဌိဇာတ်။

မောင်စန်မှီ
 

ရတနာသုံးပါးကို ရှိခိုးပူဇော်ပုံ

July 7, 2012

ရတနာသုံးပါးကို ရှိခိုးပူဇော်ပုံ

ဗုဒ္ဓံ ပူဇေမိ
ဗုဒ္ဓံ-သစ္စာလေးပါး မြတ်တရားကို ပိုင်းခြားထင်ထင် ကိုယ်တိုင်မြင်သည့် ရှင်တော်မြတ်ဘုရားကို၊
ပူဇေမိ-နှစ်စုံ လက်-ဒူး, မြတ်နဖူးဖြင့်, ညွတ်နူးဝပ်စင်း,မြေ၌ခင်း၍, တည်ခြင်း(ထိခြင်း)ငါးမည်, စုံအညီဖြင့်, ဂုဏ်ရည်မြော်ကိုး, လွန်မြတ်နိုးလျက်, ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

ဓမ္မံ ပူဇေမိ
ဓမ္မံ-မဂ်-ဖိုလ်-နိဗ္ဗာန်, ဓမ္မက္ခန်ဟု, ဆယ်တန်ပိုင်းခြား, ခွဲဝေထားသည့်, တရားတော်မြတ်ရတနာကို၊
ပူဇေမိ-ခြေ-လက်-နဖူး, တတောင်-ဒူးဖြင့်, ညွတ်နူးဝပ်စင်း, မြေ၌ခင်း၍, တည်ခြင်း(ထိခြင်း)ငါးမည်, စုံအညီဖြင့်, ဂုစ်ရည်မြော်ကိုး, လွန်မြတ်နိုးလျက်, ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။

သံဃံ ပူဇေမိ
သံဃံ-မဂ္ဂဋ္ဌာန်-ဖလဋ္ဌာန်, ရှစ်တန်ထင်ပေါ်, သူတော်စင်ကောင်း, အရိယာသံဃာတော် အပေါင်းကို၊
ပူဇေမိ-စံပယ်လက်အုပ်,ခြေဆုပ် မေတ္တာ, ရိုသေစွာဖြင့်, ညွတ်ကာဝပ်စင်း, မြေ၌ခင်း၍, တည်ခြင်း(ထိခြင်း)ငါးမည်, စုံအညီဖြင့်, ဂုဏ်ရည်မြော်ကိုး, လွန်မြတ်နိုးလျက်, ရှိခိုးပူဇော်ပါ၏ အရှင်ဘုရား။


ကိုယ်ဖြင့် ရှိခိုးပုံ (ကာယ ပဏာမ)
ဆောင့်ကြောင့်ထိုင်၍ ဦးခေါင်းကို မြေ၌ချ ရှိခိုးခြင်း (သို့မဟုတ်) လက်အုပ်ချီမိုး ရှိခိုးခြင်းနှင့် မတ်တတ်ရပ်၍ ဦးခေါင်းညွတ် ရှိခိုးခြင်းသည် “ကာယ ပဏာမ” ကိုယ်ဖြင့် ရှိခိုးခြင်းမည်၏။ 
ယင်းသို့ ကိုယ်ဖြင့်ရှိခိုးဦးချ ကန်တော့ကြရာတွင် လက်ခုပ်နှစ်ဘက်ကို ကြာငုံသဏ္ဌာန် လက်အုပ်ပြုလုပ်ပြီး ထိုလက်အုပ်(ကြာငုံ)ကို ဦးထိပ်ရောက်အောင် မြှောက်ချီ၍ လက်မကို မျက်မှောင်ကြား၌ ထားလျက် လက်ညှိုးကို နဖူးဆံစ၌ တည်စေကာ ရှိခိုးခြင်းသည် “အဉ္ဇလီကမ္မ” လက်အုပ်ချီမိုး ရှိခိုးခြင်းမည်၏။


တဖန် “ပုဆစ်နှစ်ဘက်, တတောင်နှစ်ဘက်, ဦးခေါင်း, ဤငါးပါးသော အင်္ဂါတို့ကို မြေ၌ထိစေ၍ တည်ခြင်း (ထိခြင်း)ငါးပါးတို့ဖြင့် ရှိခိုးဦးချ ကန်တော့ကြခြင်းသည် “ပဉ္စပတိဋ္ဌိတ”တည်ခြင်း(ထိခြင်း) ငါးပါးဖြင့် မြေ၌ခေါင်းချ ရှိခိုးခြင်းမည်၏။


ယင်းသို့ တည်ခြင်း(ထိခြင်း) ငါးပါးဖြင့် မြေ၌ခေါင်းချ ရှိခိုးကန်တော့ကြပြီးနောက် ရှိခိုးခံသူ (ရတနာသုံးပါး ဆရာမိဘများ)ထံမှ ပြန်လိုသည့်အခါတွင် ထိုပုဂ္ဂိုလ်များကို ရုတ်တရက်မျက်နှာလွှဲ၍ ကျောပေး၍ မပြန်ပဲ လက်အုပ်ချီ နောက်ဆုတ်သွားကာ ထိုပုဂ္ဂိုလ်တို့ မမြင်နိုင်လောက်သည့် အရပ်ရောက်မှ တည်ခြင်း(ထိခြင်း)ငါးပါးဖြင့် ရှိခိုးဦးချ ကန်တော့၍ ပြန်လှည့်ပုံကို (သီလက္ခန် အဋ္ဌကထာ၊ သာမညဖလသုတ်၊ ၂၁၂)၌ ပြဆိုထားပေသည်။


တည်ခြင်း(ထိခြင်း)ငါးပါး အယူအဆများ---
တည်ခြင်း(ထိခြင်း)ငါးပါးကို ဖော်ပြကြရာတွင် တကျမ်းနှင့်တကျမ်း အဆိုမတူကြပေ။ အဆို(၃)မျိုး ကွဲပြားလျက်ရှိပေသည်။
(၁) ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်၌ “နှစ်စုံ လက်-ဒူး, မြတ်နဖူးဖြင့်, ညွတ်နူးဝပ်စင်း, မြေ၌ခင်း၍” ထိခြင်းငါးပါးဖြင့် ရှိခိုးရမည်ဟု ဆိုသည်။
(၂) သီလက္ခန်ဋီကာသစ်၊ ဒု၊ နှာ-၁၈-၌ “ခြေ-လက်-နဖူး, တတောင်-ဒူး ဖြင့် ညွတ်နူးဝပ်စင်း, မြေ၌ခင်း၍” ထိခြင်းငါးပါးဖြင့် ရှိခိုးရမည်ဟု ဆိုသည်။
(၃) ပရိဝါပါဠိတော် ကထိနတ္ထာရဝဂ်၌ကား “စံပယ်လက်အုပ်, ခြေဆုပ်မေတ္တာ, ရိုသေစွာဖြင့် ညွတ်ကာဝပ်စင်း မြေ၌ခင်း၍” ထိခြင်းငါးပါးဖြင့် ရှိခိုးရမည်ဟု ဆိုသည်။


အဆိုပါ ရှိခိုးနည်း သုံးမျိုးတွင် ပါရိဝါပါဠိတော်လာ နောက်ဆုံး ရှိခိုးနည်းမှာ အနီးမျက်မှောက်၌ ရှိခိုးစဉ်အခါ ပြုအပ်သော ကျင့်ဝတ်များသာဖြစ်၍ အဝေးမှာ ရှိခိုးရာ၌ မရနိုင်သောကြောင့် ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်နှင့် သီလက္ခန်ဋီကာသစ်လာ ရှိခိုးနည်းကိုသာတွင်ကျယ်စွာ အသုံးပြုကြသည်။ ထိုနှစ်နည်းတွင်လည်း ပဋိသမ္ဘိဒါမဂ် ဂဏ္ဌိပုဒ်လာ (ပထမ)နည်းသာ သင့်လျော်ကောင်းမြတ်ပေသည်ဟု ပါရမီဒီပနီ ၂၅-တွင် လယ်တီ ဆရာတော်ဘုရားကြီး ဆုံးဖြတ်ထားပါသည်။


မတ်တတ်ရပ် ရှိခိုးပုံ---
အကယ်၍ မြေ၌ခေါင်းချ၍ ရှိခိုးရန် ခွင့်မသာခဲ့သော် မတ်တတ်ရပ်လျက်သာလျှင် ကိုယ်ကို ရှေ့သို့ညွတ်၍ လက်အုပ်ချီပြီး ဦးညွတ်ကန်တော့နိုင်ကြောင်း (သာရတ္ထဒီပနီ ဋီကာ၊ တ-၄၃)နှင့် (ဝိနယာလင်္ကာရ ဋီကာ၊ ဒု-၃၆၈) တို့၌ မိန့်ဆိုထားပေသည်။ 
ရှိခိုးနည်းမှာ “ခြေစုံရပ်တည် လက်အုပ်ချီလျက် ဦးတည်ညွတ်ကျိုး” ရှိခိုးရပေမည်။


နှုတ်ဖြင့် ရှိခိုးပုံ (ဝစီ ပဏာမ) 
“ဗုဒ္ဓံ ပူဇေမိ” စသည်ဖြင့်၎င်း၊ “သြကာသ”စသည်ဖြင့်၎င်း၊ နှုတ်ဖြင့်ရွတ်ဆို၍ ရှိခိုးခြင်းသည် “ဝစီပဏာမ” နှုတ်ဖြင့် ရှိခိုးခြင်းမည်၏။ 
( သြကာသ ဘုရားရှိခိုး-အမျိုးမျိုး ရှိကြ၏)


ဘုရားရှင်လက်ထက်တော်၌ကား ပင်ကိုယ်က ရတနာသုံးပါးကို ကိုးကွယ်ဆည်းကပ်သူ မဟုတ်သေးပဲ ယခုမှ ကြည်ညိုသဖြင့် ကိုးကွယ်ဆည်းကပ်မည့်သူများ ဖြစ်လျှင် “တပည့်တော်သည် ဘုရား တရား သံဃာများကို ကိုးကွယ်ဆည်းကပ်ပါ၏၊ ယနေ့မှစ၍ ရတနာသုံးပါးကို ဆည်းကပ်ကိုးကွယ်သူ ဥပါသကာဟူ၍ မှတ်တော်မူပါ” စသောအားဖြင့် လျှောက်ထား၍ အရိုအသေပေး ရှိခိုးလေ့ရှိကြပါသည်။


စိတ်ဖြင့် ရှိခိုးပုံ (မနော ပဏာမ)
ကိုယ့်ဖြင့် ဦးညွတ်ရှိခိုးရာတွင်၎င်း, နှုတ်ဖြင့် ရွတ်ဆိုသီကျူး၍ ရှိခိုးရာတွင်၎င်း ရှေ့အဖို့ နောက်အဖို့ 
ဖြစ်သော စေတနာပြဋ္ဌာန်းသော ကုသိုလ်ဇောစိတ္တုပ္ပါဒ်သည် “မနော ပဏာမ” စိတ်ဖြင့် ရှိခိုးခြင်းမည်၏။ 
ဦးသုံးကြိမ်ချ၍ ရှိခိုးကြရာ၌ စိတ်ကလည်း ဘုရားသခင်စသည်ကို အာရုံမပြု၊ နှုတ်ကလည်း ဗုဒ္ဓံ ပူဇေမိ-စသည်ဖြင့် မရွတ်ဆိုပဲ ဝတ်ကျေဝတ်ကုန် ဦးချသူတို့မှာ ကာယကံ ကုသိုလ်မျှသာဖြစ်သည်။ 
အချို့ကား ဗုဒ္ဓံ ပူဇေမိ-စသည်ဖြင့် နှုတ်မှ ရွတ်ဆို၏။ ကိုယ်ဖြင့် ရှိခိုး၏။ စိတ်က ဘုရားစသောအာရုံသို့ မရောက်၊ ထိုပုဂ္ဂိုလ်များမှာ မနောကံ ကုသိုလ်မဖြစ်။ ကာယကံ ဝစီကံ နှစ်မျိုးသာ ဖြစ်ပေသည်။
ထို့ကြောင့် ကံသုံးပါးမြောက်အောင်  စိတ်က ဘုရားစသည်ကို အာရုံပြု၍, ဗုဒ္ဓံ ပူဇေမိ-စသည်ကို 
နှုတ်ကရွတ်ဆိုပြီး, ရှိခိုးဦးချ ကန်တော့ကြရမည်။ သို့မှသာ ကုယကံ ကုသိုလ်, ဝစီကံ ကုသိုလ်, မနောကံ ကုသိုလ် သုံးမျိုးလုံးကို အပြည့်အဝ ရနိုင်ကြပါမည်။


ရှိခိုးရာ၌ မှတ်သားဖွယ်---
အချို့ ပညာရှိ သူတော်ကောင်းတို့ကား မိမိက ရှိခိုးဦးချသည့်အခါဖြစ်စေ၊ မိမိက ရှိခိုးဦးချ ခံရသည့်အခါဖြစ်စေ မည်သည့်အခါမဆို ဂုဏ်တော်များကို ရွတ်ဖတ်ပွားများလေ့ရှိသည်ကို တွေ့ရသည်။ 
ရှိခိုးဦးချသည့်အခါ၌ ရွတ်ခြင်းကား ရှိခိုးမှုနှင့်စပ်၍ ကာယကံ ကုသိုလ်အပြင် ဝစီကံကုသိုလ် မနောကံကုသိုလ်များပါ ဖြစ်စေရန် ရည်သန်ကြောင်း သိရသည်။
ရှိခိုးခံသည့်အခါ၌ ရွတ်ခြင်းကား ရှိခိုးခံထိုက်သူ ဖြစ်စေရန်ဟု ဆိုပါသည်။ လွန်စွာ အဓိပ္ပါယ်ရှိ၍ လေးစားလိုက်နာ မှတ်သားဖွယ်ကောင်းလေစွ။
 

Recent Posts